Friday, October 5, 2007

မြန်မာ တစ်နိုင်ငံသားလုံး နား၊မျက်စိတွေ ပိတ်ခဲ့ရပြီး Blogger တွေက ပါးစပ်တွေပါ ပိတ်ခဲ့ရတယ်

. မြန်မာနိုင်ငံမှာ Internet Connection တွေ ကြိုတင် အသိပေးထားခြင်းမရှိဘဲ ပျက်တောက်ခဲ့တယ်။ သက်ဆိုင်ရာကို ဆက်သွယ်မေးမြန်းတဲ့ အခါ Backbone ထိန်းသိမ်းပြုပြင်ရန် အတွက်ရက် အကန့်အသတ်မရှိ ဖြတ်တောက်ထားမယ် ဆိုတာကို သိခဲ့ရတယ်။ ဘာကြောင့် Internet Connection တိုက်ဆိုင်စွာ တွေပျက်တောက်ခဲ့ ရသလဲဆိုတာကိုတော့ မဆွေးနွေးချင်ပါ။ ဒီပျက်တောက်မှု တွေအတွက် ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲတွေကိုဘဲ ပြောချင်ပါတယ်။
. Internet Connection တွေရနေစဉ် ကာလအတွင်း နိုင်ငံအတွင်းဖြစ်ပေါ် နေတဲ့ အခြေအနေတွေကို တူညီစွာရှိနေတဲ့ အခွင့်အာဏာ ကိုအသုံးပြုပြီး မျှဝေသူတွေရဲ့ ကျေးဇူးကြောင့် Internet သုံးစွဲသူတွေကနေ တစ်ဆင့် သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိခဲ့ကြ ရပါတယ်။ Internet Connection တွေ ပျက်တောက်သွားတဲ့ အခါမှာတော့ ချက်ချင်း အမှောင်တိုက် အတွင်းကို ရောက်ရှိသွားသလို ဘာကိုမှ မြင်တွေ့ကြားသိ နိုင်စွမ်းတွေ မရှိတော့သလို အကြောင်းအမျိုးမျိုးကြောင့် မြင်တွေ့ကြားသိခဲ့ကြသူတွေ ကိုလည်း ပြန်လည်ပြောဆို တင်ပြခွင့်မရှိအောင် ပါးစပ်တွေကိုပိတ်ဆို့ ထားခဲ့ပြန်ပါတယ်။
. ဒါကြောင့် ကျွန်တော်တို့တွေ အားလုံးဟာ မမြင်နိုင်၊ မပြောနိုင်၊ မကြားနိုင်တဲ့ မျက်ကန်း၊ ဆွံ့အ၊ နားမကြားသူတွေအဖြစ် စက္ကန့်ပိုင်းအတွင်း ရောက်ရှိခဲ့ရပါတယ်။ ဒီအချိန်အတွင်းမှာ Internet နဲ့ ဆက်စပ် အသုံးပြုနေကြရတဲ့ နယ်ပယ် အသီးသီးကလူတွေဟာ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
. အရာရာတိုင်းကို Backup ထားနေကြတဲ့ ခေတ်မှာ ကျွန်တော်တို့ အတွက်တော့ Internet Connction Backup ဆိုတာမရှိခဲ့ပါဘူး။ တစ်နိုင်လုံးမှာ ISP နှစ်ခုကြီးများတောင် ရွေးချယ်ခွင့် ရှိတယ်ဆိုသော်ငြား......။ ဒီနှစ်လုံးက ဆက်သွယ်ရေး ကထိန်းချုပ်ထားတဲ့ သားအရင်းနဲ့ မွေးစားသား ညီအကိုတွေဖြစ်လေတော့ တစ်ခုပျက်ရင် နောက်တစ်ကလည်း Policy တစ်ခုတည်းအောက်မှာ ဖြစ်လေတော့ အလိုလို Down ပြီးသားပါဘဲ။
. ကျွန်တော်တို့ Internet ကို FEC ပေါင်းများစွာနဲ့ ရွှေလက်တွဲ နေရတယ်ဆိုပေမယ့် အာမခံချက် မရှိလေတော့.... မိတ်ဆွေတို့ရေ Connection လေးရတုန်း နား၊ မျက်စိ၊ ပါးစပ်တွေ ပွင့်တုန်း တွေ့မြင်သမျှကြည့်၊ ကြားသမျှနားထောင်၊ ပြောချင်သမျှသာ မြန်မြန်ပြောကြပေတော့ ရောင်းရင်းတို့ရေ

2 comments:

မျိုးသန်. said...

Internet နေ့မှာပါမြန်မြန်သုံးနိုင်ပါစေ

မျိုးသန်. said...

Internet အချိန်ပြည့်သုံးနိုင်ပြီဗျို့