Thursday, September 20, 2007

ဝန်ချတောင်းပန်

်. ကျွန်တော် ဆရာညီပုလေး ရေးတဲ့ မြေးသူကြီး (စာမူခွင့်ပြုချက် အမှတ်- ၅၀၀၈၇၀၀၆၀၇) စာအုပ်မှာပါတဲ့ အခန်း တစ်ခန်းကို ဒီနေ့ သတိရလို့ ပြန်ဖတ်မိတယ်။ ကျန်တဲ့ ရောင်းရင်း တွေလည်း ဒီနေ့ အခြေအနေ နဲ့ထင်ဟပ်ပြီး စိတ်ဝင်စား နိုင်ကြတယ်လို့ ယူဆပြီး ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်တွေ မပါဘဲ ကူးယူဖေါ်ပြ လိုက်ပါတယ်။ သတိချပ်ရမှာက ဒီအဖြစ်တွေက ၁၉၅၄ ၀န်းကျင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်မှန်တွေ ပါ ဘဲ။ ဖတ်ရှုကြည့်ကြပါ၊ ခေါင်းစဉ်လေးက ၀န်ချတောင်းပန် တဲ့ ............
. မန္တလေးမှာ မော်တော်ယာဉ်နဲ့ အသက်မွေးကြရသူတွေအဖို့ အဓိက အရေးကြီးတာ ဘုန်းတော်ကြီးများနဲ့ သင့်မြတ်အဆင်ပြေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတာ ဖြစ်လေတော့ ရတနာသုံးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ ရဟန်းသံဃာတွေကို ကြည်ညိုရင်းစွဲရှိပြီးသားလေ။
. ရဟန်းသံဃာတွေကို မနက်ဆွမ်းခံချိန်မှာ ရှေ့သုံးခုံ လှူဒါန်းထားတယ်။ ရဟန်းသံဃာတွေကို စေတနာပေါက်ပြီး လှူရကောင်းမှန်း အစကမသိကြသေးပါဘူး။ ဒါပေမယ့် မနက်ဆွမ်းခံချိန်ဆိုရင် ဘတ်စ်ကားပေါ်မှာ ဘုန်းတော်ကြီးတွေချည်းပဲ။ သပိတ်ကိုယ်စီနဲ့။ အခုလို ဆွမ်းခံကြွကြတဲ့ ကိုယ်တော်တွေကို ဘတ်စ်ကားလက်မှတ် ဖြတ်ရမယ်၊ ပိုက်ဆံ တောင်းရမယ်ဆိုတာ မဖြစ်သင့်ဘူး။ မတင့်တယ်ဘူး။ အဒီအချိန်မှာ ဒိပြင်ပါဆင်ဂျာက မတက်နိုင်ဘူး ဈေးတွေ ဖွင့်ကြတဲ့အချိန် ခရီးအသွားအလာ များတဲ့အချိန်လေ။
. ဒီတော့ ကျွန်တော်တို့ အစည်းဝေးထိုင်ကြတယ်။ ဘာသာခြား ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဆွမ်းခံကိုယ်တော်တွေအတွက် မော်တော်ယာဉ် တစ်စင်း သပ်သပ်ပြေးဆွဲပေးဖို. တင်ပြတယ်။ အများက အဒီလို လုပ်တာ သဘောမကျဘူး။ အဒီလိုမလုပ်ပါနဲ့၊ ကိုယ့်လိုင်းကိုယ်ပြေးရင်း အစီအစဉ်မျက်တဲ့ နည်းရှာကြမယ်။ ဆွမ်းခံကိုယ်တော် တွေက အမှတ် ၁ ရော ၂ ရော ၃ ရော ဒီကားတွေ ပြေးကြတဲ့ လမ်းတိုင်းမှာ ရှိနေတာကိုး။
. နောက်တော့ ဆွမ်းခံချိန်မှာ ရှေ့သုံးခုံလှူမယ် ဘုန်းကြီး ၇ ပါးစာ လှူတာ။ ကဲ ဒါဆို ဆွမ်းခံချိန်ကို ဘယ်လိုသတ်မှတ်ကြမလဲ။ အထူး သတ်မှတ် စရာမလိုပါဘူး။ သပိတ်ပါရမယ်။ ဆွမ်းမခံရင်တောင်မှ ဒီအချိန်မှာ မော်တော်ကားကို အခမဲ့စီးလိုရင် သပိတ်ပိုက်လာခဲ့ရမယ်။ သပိတ်ပါသော သံဃာတော်များ ကိုရင်ဖြစ်စေ ဘုန်းကြီးဖြစ်စေ သပိတ်ပါရင် ကားကို အခမဲ့စီးလို့ရတယ်။ ကိုရင်တွေက လှူထားတဲ့ခုံတွေမှာ အရင်ဝင်ထိုင် နေကြရင်ကော ဒါတော့ ကိုရင်ထကြ၊ ဘုန်းကြီးများဝင်ထိုင်စေလို့ ၀င်ပြောလို့မရဘူး။ ညွှန်ကြားလို့ မရဘူး။
. " ဆွမ်းခံသံဃာတော်များ အတွက် မော်တော်ယာဉ်သမ၀ါယမ ကားပြာအသင်းမှ ဆွမ်းခံချိန်မှာ သပိတ်ပါသောကိုယ်တော်များ သွားလာမှု လွယ်ကူစေရန် ရှေ့ဆုံးခုံ ၃ ခုံ လှူပါသည်ဘုရား " ရှေ့သုံးခုံဆိုသည်မှာဆိုပြီး ညွှန်ရသေးတယ်။ နှစ်ယောက်ထိုင်တစ်ခုံ၊ သုံးယောက်ထိုင်တစ်ခုံနဲ့ ဘေးတိုက်ထိုင်ခုံ တစ်ခုဖြစ်ပါသည်ဘုရား။
. ဒီလိုကြော်ငြာလိုက်တော့ ပြေလည်သွားတာပေါ့။ လူတွေကလည်း ဆွမ်းခံချိန်ဆိုရင် အဒီခုံတွေမှာ ၀င်မထိုင်ကြတော့ဘူး။ နယ်ကလာတဲ့ မသိသူတွေကိုတော့ စပယ်ရာတွေက ဒီဘက်ကြွကြပါခင်ဗျာ ဒါဆွမ်းခံချိန်ပါ။ ဒီခုံက သံဃာတော်တွေကို လှူတ၏ထားတဲ့ခုံဖြစ်ပါတယ်။ ဒီလိုရှင်းပြရတာ။
. တော်တော်လေး အဆင်ပြေပြီး အသားကျလာတော့ သံဃာတော်တွေလည်း သပိတ်ပါမှ အခမဲ့စီး ရမယ်ဆိုတာ သိသိလာနေကြပြီးမှ ၀ိဝါဒကွဲစရာ ပေါ်လာပြန်တယ်။ အဲဒါက " ဆွမ်းချိုင့် " ပါ၊ဆွမ်းချိုင့်ဆွဲလာတဲ့ သံဃာက သပိတ်မပါဘူး။ ဒါပေမယ့် ဆရာတော်ကြီးတွေ ဘုန်းတော်ကြီးတွေအတွက် သွားယူခဲ့တဲ့ဆွမ်းချိုင့်ဆို တော့ ဖြည့်စွက်ချက်တစ်ခုထပ်ထုတ်ရတာ။ ဆွမ်းချိုင့်ယူလာသောကိုယ်တော်များလည်း အခမဲ့စီးပိုင်ခွင့်ရှိသည် ပေါ့။
. တစ်နေ့ကျတော့ ဆွမ်းချိုင့်လည်းမပါ၊ သပိတ်လည်းမပါတဲ့ ကိုယ်တော်တစ်ပါးကို ခရီးသည်ကိုယ် တော်ဆိုပြီး ဒရိုင်ဘာမောင်ခင်သန်းရဲ့ကားက လက်မှတ်ဖြတ်တယ်။ ဟေ့ကောင် ငါဘုန်းကြီးကွတဲ့။ အရှင်ဘုရား ရုံတော်ကြီး မှတ်တိုင်ကတက်လာတာ ဦးဇင်းက သပိတ်လည်းမပါဘူး။ ဆွမ်းခံချိန်လည်းကုန်နေပါပြီ ဘုရား။ အမယ် ဟေ့ကောင် မင်းဗုဒ္ဓဘာသာမှဟုတ်ရဲ့လား ဒီမှာသင်္ကန်းကြီးနဲ့ကွ၊ မင်းမမြင်ဘူးလားလို့ပြောပြီး လက်မှတ်ရောင်းတဲ့သူကို ထကန်တော့တာ။ အဲဒီတော့မှ ဒရိုင်ဘာမောင်ခင်သန်းက ဟာ ဦးဇင်းက လွန်လာပြီ တပည့်တော်တို့က စည်းကမ်းအတိုင်းလုပ်ရတာပါ ။ အသင်းလူကြီးတွေက တပည့်တော်တို့အပေါ်အမိန့်ထုတ် ထားတာ ပြီးတော့ သတင်းစာထဲမှာလည်း ကြော်ငြာထည့်ထားပါတယ်ဘုရား ။ အံမယ် မင်းက ဘာရှည်တာလဲ။ . ဂီယာတံက အပြန်ကြီး၊ စက်သတ်ပြီး ဂီယာချွတ်ပြီး ဘုန်းကြီးကို ရိုက်ပစ်လိုက်တာ ခေါင်းပေါက် သွားတယ်။ အဲဒီဘုန်းကြီးက ကျောင်းတိုက်ပြန်ကြွသွားပြီး ဘယ်မလဲမော်တော်ကား ဘယ်မလဲ ခင်သန်း ဘုန်းကြီးတွေက ကားအသင်းရုံးကို လိုက်လာကြတာ။ ရုံးကြီးရှေ့မှာတင်လေ။ ဘယ်မှာလဲခင်သန်း ဘာဖြစ်တာပါလဲဘုရား။ တပည့်တော်တို့ပြေလည်အောင်လုပ်ပေးပါ့မယ်။ မလိုချင်ဘူးကွာ ဘယ်သူလဲဥက္ကဌ၊ ဥက္ကဌပါရိုက်ကွာ၊ ရဟန်းငယ်တွေကိုး၊ ကိုအောင်ခတို့လို စာရေးတွေက ရှေ့ကကောင်တာနဲ့ ထိုင်နေကြတာ။ ထီဆိုင်လိုပေါ့။ ဒီကောင်တာတွေရဲ့ နောက်မှာမှ ကျွန်တော့်ရုံးခန်းကိုး။ ကျွန်တော်ထလာပြီးထိန်းရတယ် ။
. ဘုန်းကြီးကရိုက်လို့ ကိုယ်ကပြန်ရိုက်ရင်လည်း ဖြစ်တော့မှာကိုး ။ ရဟန်းက ၁၄၊၅ပါးရှိမယ်။ ကျွန်တော်တို့ရုံးမှာက ကားသမားတွေရော ၊ စပါယ်ရာတွေပါ ၂၀ ၊၂၅ ရှိနေတယ် ။ ရိုက်ရင်တော့ ခံရတော့မှာ။ မဟန်ရင်တော့ရှောင်ရလိမ့်မယ်။ ရှောင်တယ်ဆိုတာ အပြေးခိုင်းရမှာပါ။ အဲဒီလို ပြောဆိုမေးမြန်းနေတုန်း မန်နေဂျာကိုဘတူက အရေးပိုင်ဆီဖုန်းဆက်တယ်။ ရဲမင်းကြီးဆီလဲ ဖုန်းဆက်လိုက် တယ်။ ရဲကား မကြာဘူးရောက်လာတယ်။ အရေးပိုင်က အရှင်ဘုရားတို့ ဘာအလိုရှိပါသလဲ တပည့်တော်တို့ အုပ်ချုပ်ရေးအပိုင်းလည်း ရှိပါသေးတယ်။ တရားဥပဒေနဲ့အညီ အမှန်အတိုင်းဖြစ်စေရမှာပါ ။ အရေးပိုင်ကိုယ်တိုင် လျှောက်ထားတော့မှ သူတို့ဆန္ဒရှိတာတွေ ပြောဆိုပြီး ပြန်ကြွသွားကြတယ်။ သိပ်တော့ ကျေနပ်ကြပုံမပေါ်ဘူး။
. ပြန်ကြွကြတော့လည်း ကားပြာအသင်းက ကားစီးပြီးပြန်ကြွသွားကြတာပါပဲ။ ဘုန်းကြီးများတက်ကြတဲ့ ကားက အလှည့်ကျလို့ ထွက်ရမယ့်ကားတော့မဟုတ်ဘူး။ နောက်အလှည့်မှထွက်ရမယ့်ကား။ အဲဒီကားက မထွက်သေးဘူး။ သူ့အလှည့်မဟုတ်ဘူး။ ဒီဘက်ကားကမှထွက်မှာ ဒီဘက်ကားကြွပါ ဒီလိုတွေလုပ်နေလို့မရဘူး။ ဘုန်းကြီး တွေတက်ကြတဲ့ကားကိုပဲ ကဲကဲထွက်ဟေ့ ထွက် ဦးဇင်းတွေဆင်းလိုတဲ့မှတ်တိုင်ကျရင် ရပ်ပေးလိုက်၊ ဒီလိုလုပ် ရတာ။
. အဲဒီနေ့မှာပဲ ဘုရားကြီးအရှေ့မုခ်မှာ ဘုန်းတော်ကြီးတွေက စာတွေဘာတွေကပ်ပြီး တခြားကားတွေ ကိုလည်း အနှောင့်အယှက် တားတာ ဆီးတာတွေ လုပ်နေကြတာ။ အရေးပိုင်ရယ်၊ ဒီအက်စ်ပီ ဦးသန်းဖေရယ် ကျွန်တော်ရယ် ရာဇ၀တ်ဝန်လေးရယ်၊ ရဲကားနဲ့ အရှေ့မုခ်ကိုသွားကြပြီး တောင်းပန်မေတ္တာရပ်ကြရတာ။
. ရဟန်းငယ်အတွင်းရေးမှုးနဲ့ ကျွန်တော်နဲ့ ဒီအက်စ်ပီတို့ ဆွေးနွေးကြတယ်။ ရဟန်းငယ်အဖွဲ့ဆိုတာ ရဟန်းပျိုနဲ့မတူသလို မသင့်ကြဘူး။ အဲဒီလိုနေတုန်း မဟာနန္ဒသေနရာမထဲကထင်တာပဲ။ စက်အုတ်ခဲကျိုးနဲ့ လှမ်းထုလို့ ဘုန်းကြီးတစ်ပါးထိသွားတယ်။ အဲဒီအချိန်မှာ ရဲတွေက ထုသူကို လိုက်ရှာပြီး ထပ်မထုဖို့လုပ်ကြရင်း ရုန်းရင်းဆန်ခတ် နည်းနည်းဖြစ်သွားသေးတယ်။
. ကျွန်တော်တို့ကို အရေးပိုင်က လုံခြုံမှုပေးနေတာ။ ဆူပူမှု မကြီးထွားအောင်ထိန်းနေတာ။ ပြဿနာ မကြီးကျယ်အောင် ကာကွယ်နေတာ။ ကျွန်တော်တို့ကို သံယောဇဉ်ရှိလို့ မျက်နှာရှိလို့မဟုတ်ဘူး။ ဘုန်းကြီးနဲ့ လူနဲ့ အဓိကရုဏ်းဖြစ်မှာစိုးရိမ်လို့။ ခဲမှန်တဲ့ဘုန်းကြီးကို ရဲလင့်ရိုဘာနဲ့ပဲ ဆေးရုံလိုက်ပို့ရတယ်။ ကျွန်တော်ဆေးရုံ လိုက်တင်ပေးလိုက်တယ်။ အဲဒီရဲကားလည်း အဲဒီနေ့က မှန်ကွဲသွားသေးတယ်။
. ကျွန်တော်တို့ တောင်းပန်ကြတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း တောင်းပန်တာပဲ။ ရဟန်း ငယ်တွေဘက်က မရဘူး။ နောက်တစ်နေ့ကျတော့ ကျွန်တော့်ကိုဘယ်ကနေဘယ်လို စုံစမ်းလာကြတယ် မသိဘူး အိမ်ကိုလာဝိုင်းကြပါလေရော။ ရုံးလာဝိုင်းတာထက်များတယ်။ ခင်သန်းထုတ်ပေး ၊ ခင်သန်းထုတ်ပေး တဲ့။ အဲဒီအချိန်မှာ ကျွန်တော်ရုံးတောင်မသွားရသေးဘူး။ ကျွန်တော်ပဲထွက်ပြီး ဘုန်းကြီးတွေကို ရှင်းပြရတာ။ ကြွပါဘုရား အိမ်ထဲကိုပင့်တာ၊ မကြွနိုင်ဘူးကွာတဲ့။ ခင်သန်းဘယ်မှာတုန်း။ ခင်သန်းပြေးပြီဘုရား။ အမှန်တော့ မောင်ခင်သန်းကို ကျွန်တော့် နောက်ဖေးတန်းလျားထဲမှာ ၀ှက်ထားရတာ။ ကျွန်တော့်မှာတာဝန်ရှိတယ်လေ။
. အရှင်ဘုရားတို့ကို တပည့်တော်လျှောက်ထားပါရစေ။ အရှင်ဘုရားတို့ဟာ တပည့်တော်တို့ကိုးကွယ် ဆည်းကပ်နေတဲ့ ရဟန်းသံဃာတော်တွေ ဖြစ်ကြပါတယ်။ ဘုန်းကြီးနဲ့ လူဟာ ဆရာနဲ့ ဒကာပါဘုရား။ လူအနေနဲ့ တော့ မှားမှားမှန်မှန် သံဃာတွေဘက်က ဦးစားပေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်များနဲ့ ဆရာတော်ကြီးများဆီမှာ လာရောက်လျှောက်ထားပြီး ဖြေရှင်ပေးပါ့မယ်။
. သံဃာတွေက အုပ်စုနဲ့ချီလာတာဆိုတော့ ဒီလိုဆိုမြန်မြန်လုပ်၊ ဒါတော့လက်မခံနိုင်ဘူး၊ ဘယ်တော့
ဖြေရှင်းမှာလဲ။ ၀န်ချတောင်းပန်ရမယ် အများနဲ့ဆိုတော့ တစ်ပါးတစ်ပေါက်ဖြစ်နေတော့တာပေါ့။ ခဏနေ ရဲတွေ ရောက်လာတော့မှ ရဲကတောင်းပန်တော့မှ ပြန်ကြွသွားကြတာ။ ဒီတစ်ခါလာတာရော ပြန်ကြွတာပါ သူတို့ကားနဲ့ သူတို့ လာကြတာ၊ ကားပြာနဲ့မဟုတ်ဘူး။
. တိုင်းသာသနာရေးဦးစီး ဦးမြင့်ဟန်ဆီသွားပြီး အကျိုးအကြာင်းပြောပြီး အကူအညီတောင်းရတယ် လေ။ သူက စဉ်းစားပြီးမှ ဒီလိုလုပ်ရင် ကောင်းမယ် ထင်တယ်တဲ့။ တိုက်အုပ် ဆရာတော်ကြီးတွေဆီ လည်ပြီးလျှောက်ကြည့်ရအောင် မိုးကောင်းတိုက်၊ ထီးလင်းတိုက်၊ ဘုရားကြီးတိုက် တိုက်အုပ်ဆရာတွေဆီသွားပြီး လျှောက်ထားကြတယ်။
. အေး ငါတစ်ပါးတည်းက ဘာလုပ်လိုက်၊ ဘာကိုင်လိုက်လို. မပြောနိုင်ဘူး။ အဒီတော့ ညနေပိုင်း တစ်ခေါက်ပြန်လာခဲ့။ ငါ သက်ဆိုင်ရာ ဒိပြင်ဆရာတော်တွေနဲ. တိုင်ပင်လိုက်ဦးမယ်လို. ပြန်ချိန်းတယ်။ ဒါနဲ. ညနေကျတော့ ဦးမြင့်ဟန်ကို ၀င်ခေါ်ပြီး နောက်တစ်ခေါက်သွားရတယ်။ အဒီညနေက အဖြေမထွက်သေးဘူး။ နောက်တစ်နေ.မှ အဖြေရတာ။
. မင်းတို. ကားပြာအသင်း လူကြီးတွေနဲ. ခင်သန်းပါ ဘုန်းတော်ကြီးတွေကို ၀န်ချတောင်းပန်ပွဲ လုပ်ရမယ်။ ၀န်ချတောင်းပန်ပွဲဆိုတာ အရိုက်ခံရတဲ့ ကိုယ်တော်တင်မဟုတ်ဘူး။ မြို.နယ်လုံးရှိ ထေရ်ကြီးဝါကြီး သံဃာတော်ကြီးများကိုပါ ၀န်ချကန်တော့ရမှာ။ မင်းတို. အဒါမြန်မြန်လုပ်လိုက်တဲ့။
. ဒါနဲ.အမြန်စီစဉ်ရတာ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ. ဗိုလ်မှူးဗထူး လမ်းထောင့်က သာသနာ ၂၅၀၀ ဓမ္မာရုံမှာ အခင်းအကျင်း ကန်တော့ပွဲတွေ ပြင်ဆင်ရတယ်။ လှူရန်တွေလည်း ဆရာတော်ကြီးတွေ လှူဖို. လုပ်ထားတယ်။ ၀တ္ထူငွေလည်းပါတယ်။ ဒါးတန်းရေခဲနဲ. ဘိလပ်ရည်စက် ကိုမြမောင် ( မိုးကုတ် ကိုမြမောင် ) ဆီသွားပြီး ကိုမြမောင် လုပ်ဦး ဒီလိုဒီလိုတော့ ဖြစ်ကုန်ပြီ အဲဒါ ကြွလာတဲ့ ကိုယ်တော်တွေကို ဘိလပ်ရည်ကပ်ချင်လို. ဆိုပါတော့၊ ရပါတယ်ကွ ပုလင်းတော့မယူနဲ.နော်တဲ့၊ ပုလင်းက ကွဲတက် ရှတက် ပျောက်တက်တယ် ပြီးတော့ လက်နက် တစ်ခုလည်း ဖြစ်သွားနိုင်တယ် ဟုတ်လား။ ပုလင်းထဲမထည့်ရင် အမြှုပ်မထ၊ မဆူဘူးနော်။ အသာနေစမ်းပါ။ ဖျော်ရည်ကပ်တဲ့သဘောမျိုးပါ။ ကြည့်ပြီးစီစဉ်ပေးပါ။
. တောင်းပန်ပွဲမှာ ဆရာတော်ကြီး ၀ါကြီးထေရ်ကြီးတွေအပြင် မြို.မိ မြို.ဖ တွေကိုပါ ဖိတ်ထားတယ်။ ကျွန်တော်က ရေစက်ချရမယ့်သူဆိုတော့ ရှေ.မှာနေရာယူရတယ်။ လျှောက်ထားဖို. အသံချက်စက်ကလည်း အဆင်သင့်။ သံဃာထုကတော့ အထဲမ၀င်ကြပါဘူး။ အပြင်ကနေ ၀ိုင်းပတ်နားထောင် နေကြတာ။ မြို.လူထုကတော့ ကျွန်တော်တို.ကို ချလွှတ်လိမ့်မယ်ထင်တာ။ ကျွန်တော်လည်း ချများချလေမလားလို. အတွေးက တစ်ချက်တစ်ချက် ၀င်လာသေးတယ်။ ကျွန်တော်နဲ.အတူ ကိုလှဖေပါတယ်။ ကိုမှတ်ကြီးပါတယ်။ စိန်လှပါတယ်။ လက်ရွေးစင်နဲ. လိုက်ဝံ့သူတွေချည်း ခေါ်လာခဲ့တာ။
. အခမ်းအနားစတော့ အသံတွေဘာတွေ တုန်မနေဘူး။ ဦးနှိမ် သုံးကြိမ်ချပြီး ရိုသေစွာရှိခိုး လျှောက်ထားအပ်ပါသည်။ သံဃာတော် အရှင်သူမြတ်များ ဘုရားလို. ဤသံသြဇာအပြည့်နဲ. အစချီလျှောက်လိုက်တာ။ ဌာန်ကရိုဏ်းကျကျ လုပ်တာ။ ဘာတွေပြောဆို လျှောက်ထားရမယ် ဆိုတာလည်း ခေါင်းအေးအေးနဲ. ပြင်ဆင်လာခဲ့တယ်။ ကားပြာအသင်းပေါ်ပေါက်လာပုံအကျဉ်း လျှောက်ထားတယ်။ ကားပြာအသင်းရဲ. ခရီးသည်တွေအပေါ်ထားတဲ့ စေတနာရှင်းပြတယ်။ ပြီးတော့ ကားပြာအသင်းက ရဟန်းသံဃာတွေအပေါ် လှူဒါန်းထောက်ပံ့ခဲ့ပုံတွေ ပြန်ပြီး လျှောက်ထားလိုက်တယ်။
. အခုလို ၀မ်းနည်းဖွယ်ဖြစ်ရပ်ကတော့ အလုပ်သမားလေးတစ်ယောက်ရဲ. မလိမ်မိုးမလိမ်မာမှုကြောင့် မတော်တဆဖြစ်သွားရတာပါ။ တပည့်တော်ရဲ. ကလေးရဲ. မိုက်မှားမှုကိုတာဝန်ယူပါတယ်။ တပည့်တော်တို့ ကိုယ်တိုင်ကရှိခိုးဦးခိုက် ၀န်ချတောင်းပန်ပါရစေဘုရား။ ဒီအပြစ်ကို ကြေအေး ခွင့်လွှတ်တော်မူပါ။ အရှင်ဘုရားတို့ပေးအပ်တဲ့ အပြစ်ဒဏ်ကို တပည့်တော်တို့ ကားပြာအသင်းက လေးလေးစားစား ခံယူပါ့မယ်ဘု ရား။
. ဆရာတော်ကြီးတွေကလည်း တိုင်ပင်ခဲ့ကြပြီးသား ရေစက်ချမယ့်ဆရာတော်ကြီး။ ကဲ ဒီလိုလုပ်ကြ။ ဆရာတော် သံဃာတော်များ စုံညီဆုံးဖြတ်ထားတာကတော့ ဒကာတို့ကားပြာအသင်းက အမှုဆောင်လူကြီးများ နဲ့ ပြစ်မှုကျူးလွန်တဲ့ကားသမားတို့ မဟာမုနိကိုယ်တော်ကြီးရဲ့ ရင်ပြင်လေးဘက်လေးတန်ကို သန့်ရှင်းရေးကြမ်း တိုက်တဲ့ဒဏ်ချမှတ်တယ်။ သက်ဆိုင်ရာ သာသနာရေးပုဂ္ဂိုလ်တွေနဲ့ နှစ်ဘက်အုပ်ချုပ်ရေးကပုဂ္ဂိုလ်တွေက ဒီလို ဆောင်ရွက်ရာမှာ ကြီးကြပ်စေလို့ မိန့်တော်မူတယ်။
. ဆရာတော်ကြီးက သံဃာတွေကိုလည်း တရားထဲမှာထည့်ပြီးဆုံးမတယ်။ အရှင်ဘုရားတို့ သံဃာတော်ကို ပြစ်မှားတဲ့ဒကာများကို အပြစ်ပေးဆုံးမလိုက်ပြီ။ အရှင်ဘုရားတို့အနေနဲ့လည်း ဒကာတို့ငြိုငြင် အောင် ငြိစွန်းတာတွေမဖြစ်အောင် နေထိုင်သွားလာကြ၊ ပြုမူပြောဆိုမှားမဖြစ်အောင် ဆင်ခြင်ဖို့ ဘုန်းကြီး လျှောက်ထားပါတယ်တဲ့။ ဘုရားသားတော်များဆိုတာ သည်းခံစိတ်ရှိရတယ်။ သည်းခံစိတ်မွေးပြီး ခွင့်လွှတ်ကြဖို့ ပါဠိပါဌ်သားနဲ့ တရားဟောတော်မူတယ်။
. ရဲအုပ် ကိုကူးမောင်က အက်စ်ဘီထင်ပါရဲ့။ သူတို့အဖွဲ့က ကျွန်တော်တို့ မဟာမုနိဘုရားကြီးရင်ပြင် တော် သန့်ရှင်းရေးလုပ်တုန်း စောင့်ကြပ် ကြည့်ကြပ်ပေးတယ်။

1 comment:

ခင်မင်းဇော် said...

ခုခေတ်နဲ့များကွာပါ့....
အော်...
ဒီထဲကလိုသာ ရိုကျိုးခဲ့ရင်....