Tuesday, October 16, 2007

ကျွန်တော်သိသော Internet နဲ့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အခွင့်အရေး

Internet ဆိုတာ Network စနစ်တွေ ပေါင်းစည်းဆက်သွယ် ချိတ်ဆက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ကွန်ရက်စနစ် (Global Network) ဖြစ်တယ်လို့ဆိုပါတယ်။ ဒီ ကွန်ရက် စနစ်ကို အမေရိကန် စစ်တပ်မှာ အသုံးပြုဖို့အတွက် ရည်ရွယ် ပြီးသုတေသနပြုလုပ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အလွန်မြင့်မားလာခဲ့ပြီး စစ်တပ်တစ်ခုတည်းက ထိန်းချုပ်ရန် မဖြစ်နိုင်တော့တဲ့ အခြေအနေကြောင့် အများပြည်သူ အသုံးပြုနိုင်ရန် Private ကွန်ရက်မှ Public ကွန်ရက် အဖြစ်ပြောင်းလဲလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီကွန်ရက် စနစ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၀ိုင်းဝန်းဆက်သွယ် ချိတ်ဆက်ခဲ့ပါတယ်။ ဒီ Internet စနစ် ရည်ရှည် ဖွံ့ဖြိုးတိုးတက် ဖို့နဲ့ စနစ်တကျဆက်သွယ် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာမှ ICT နည်းပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းပြီး နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ Internet Organizations တွေကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီ Organizations တွေအောက်မှာမှ သက်ဆိုင်ရာဒေသ၊ နိုင်ငံအလိုက် အဖွဲ့အစည်းတွေ ကို စနစ်တကျဖွဲ့စည်းထားကြပါတယ်။ ဒီအဖွဲ့ အစည်းတွေကို ဖွဲ့စည်းတဲ့ အခါမှာ အစိုးရက တာဝန်ရှိပုဂ္ဂိုလ်တွေ သီးသန့် မဖွဲ့စည်းကြပါဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီအဖွဲ့ အစည်းတွေရဲ့ သဘောတရားဟာ အစိုးရကို ကိုယ်စားမပြုဘဲ၊ နိုင်ငံကို ကိုယ်စားပြု တဲ့သဘောဆောင်တဲ့ အတွက်ကြောင့် ကိုယ်နိုင်ငံ အတွင်းမှာရှိတဲ့ အသိပညာရှင်၊ အတက်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အထောက်အပံ့ပေးနိုင်သူတွေ နဲ့ ၊ အစိုးရ ကိုယ်စားလှယ် တွေပူးပေါင်း ဖွဲ့စည်းရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။ နိုင်ငံအများစုမှာ Internet နဲ့ သက်ဆိုင်တဲ့ Policy တွေကို ချမှတ်တဲ့အခါတွေမှာ ဒီအဖွဲ့စည်းတွေက သာလျှင် ချမှတ်တာတွေ့ ရပါတယ်။ တားမြစ်ပိတ်ပင်မှု တွေပြုလုပ်တဲ့ အခါမှာလည်း အဓိကအားဖြင့် လောင်းကစား၊ ညစ်ညမ်းအကြောင်းအရာများ၊ အရွယ်မရောက် ကလေးငယ်များကို ဖျားယောင်းသွေးဆောင်တဲ့ စာမျက်နှာတွေကို အဓိက တားမြစ်ပိတ်ပင်ပါတယ်။ နောက် မိမိကိုယ်ကျိုး အတွက် သူတစ်ပါးထိခိုက် နစ်နာစေတဲ့ အကြောင်းအရာ တွေရေးသားမယ် ဆိုရင်လည်း တားမြစ်ပိတ်ပင်ခြင်းခံရမှာပါ။ အများပြည်သူကောင်းကျိုးကို လိုလားသောအားဖြင့် ရေးသားဖေါ်ပြတဲ့ အကြောင်းအရာတွေဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခု ကိုထိခိုက်နစ်နာ စေတယ်ဆိုရင်တော့ ဒီဖေါ်ပြချက်တွေဟာ အထောက်အထား၊သက်သေတွေနဲ့ တစ်ကွ မှန်ကန်စွာ ဖေါ်ပြနိုင်တယ်ဆိုရင် အများအကျိုးရှေးရှုပြီး ပိတ်ပင်ခြင်းမပြုဘဲ ဖေါ်ပြခွင့်ပြုရမှာဖြစ်ပါတယ်။ အထက်ဖေါ်ပြခဲ့တဲ့ ပိတ်ပင်တားမြစ်ထားတာတွေကို ဖေါ်ပြရေးသားတဲ့ လူတွေနဲ့၊ အဖွဲ့အစည်းတွေကို Cyber ရာဇ၀တ်မှု နှိမ်နှင်းအရေးယူတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖေါ်ထုတ် အရေးယူတာတွေပြုလုပ်ပါတယ်။ ကျန်တဲ့ ပုံမှန် အသုံးပြုရေးသားသူတွေ ကိုတော့ လိုအပ်တဲ့အကူအညီ၊ နည်းပညာပံ့ပိုးမှုတွေနဲ့ သူတို့ရဲ့လုံခြုံမှုတွေအတွက် တာဝန်ယူဖြေရှင်းဆောင်ရွက်တာ တွေကိုပြူလုပ်ပေးပါတယ်။ အသုံးပြု သူတွေရဲ့ လုံခြုံမှု ဟုဆိုရာတွင် တစ်ဦးချင်းအနေနဲ့ရော၊ အဖွဲ့အစည်းတွေအနေနဲ့ပါ အကျုံးဝင်သက်ဆိုင်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကိုယ်ပိုင်လုံခြုံမှု စနစ်တွေရှိတယ်ဆိုသော်ငြား နည်းပညာမကြွယ်ဝမှု၊ စနစ်တွေရဲ့ အားနည်းချက် လစ်ဟာမှုတွေကို အခွင့်ကောင်းယူပြီး ဒီလုံခြုံမှုစနစ်တွေကို ကြော်လွှားပြီး အချက်အလက်၊ ခိုးယူဖျက်စီးနေသူတွေ ရှိပါတယ်။ဒီလို မူမမှန်တဲ့နည်းလမ်းတွေနဲ့ (ဥပမာ Bank Account No. တစ်ခုတည်းကို Password အမျိုးမျိုးပေးပြီး အကြိမ်အရည်အတွက် များစွာစမ်းသပ် ၀င်ရောက်နေမှု )ကျူးကြော်ဝင်ရောက်သူတွေကို Emergency Respond Team တွေကနေ စောင့်ကြည့်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အကြောင်းကြား သတိပေးတာမျိုးတွေ ပြုလုပ်ပေးပါတယ်။ အဓိကပြောချင် တာက နိုင်ငံတိုင်းမှာ Internet နဲ့သက်ဆိုင်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရှိကြပြီး ဒီအဖွဲ့အစည်းတွေက Internet စနစ်ကို စနစ်တကျချိတ်ဆက် အသုံးပြုနိုင်ရန်နဲ့ သုံးပြုသူ User တွေကို အကူအညီပေးဖို့ ကအဓိကဖြစ်တယ် ဆိုတဲ့အချက်ပါ။ နောက်တစ်ချက်က လက်ရှိ Internet ကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခု ကမှမပိုင်ဆိုင်ပါဘူး၊ စတင်တည်ထောင် ခဲ့တဲ့ အမေရိကန် ကတောင်မပိုင်ဆိုင်တော့ပါဘူး။ ဒီမည်သူတစ်ဦး တစ်ယောက်မှ မပိုင်ဆိုင်တဲ့ Internet ပေါ်မှာ အချက်အလက်တွေ မျှဝေကြတဲ့အခါမှာ အထက်ကပြောခဲ့တဲ့ နိုင်င့တကာက cyber ရာဇ၀တ်မှုလို့ မသတ်မှတ်တဲ့ အောကာင်းအရာမျိုး၊ သတင်းဆိုရင်လည်း တိကျခိုင်မာတဲ့ သတင်းမျိုး၊ ခံစားချက်ဆိုရင်လည်း အဆိပ်အတောက် မဖြစ်စေတဲ့ ခံစားချက် တွေကို လွတ်လပ်စွာ မျှဝေခွင့် အခွင့်အလမ်း ကမ္ဘာသူ၊ ကမ္ဘာသားတိုင်းမှာ ရှိတယ်လို့ယုံကြည် လက်ခံပါသည်။ အားလုံးကို အပြည့်အ၀ လွတ်လပ်ခွင့်ပေး လိုက်ပါ ဒါဆိုရင် မမှန်မကန်တဲ့လုပ်ရပ် ပြုလုပ်နေသူ အားလုံး မြောင်းထဲရောက်သွားမှာ မလွဲဧကန်ပဲလို့ သေချာပေါက် ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေနဲ့ တစ်ပြေးညီရနေတဲ့ ရှားပါးအခွင့်အလမ်း၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမှု မခံနိုင်၊ မခံချင် ပါဘူး။ ဒါကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ရှားပါးအခွင့်အရေးလေးပါ
technorati

No comments: